Menstrual cup သုံးရင် မိန်းမကိုယ်ကျယ်လာလေမလား
Menstrual cup သုံးရင် မိန်းမကိုယ်ကျယ်လာလိမ့်မယ်ဆိုပြီး ကြားဖူးထားတာမျိုးများ ရှိလား။ ဒါက တကယ်ပဲလားလို့ တွေးနေပြီလား? ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်တော့နော်။
Menstrual cup ဆိုတာက ရာသီလာချိန်မှာ ရာသီသွေးတွေကို စုထားပေးတဲ့ ခွက်ကလေး တစ်မျိုးပါ။ ခွက်ဆိုလို့ မာမာကြီးတော့ မဟုတ်ဘူးပေါ့။ ခပ်ပျော့ပျော့ ခွက်ကလေးပါ။ အောက်ဖက်မှာတော့ ခွက်လေးကို ဆွဲထုတ်ရလွယ်အောင် ရိုးတံလိုလေး တစ်ခုပါပါတယ်။
ခွက်ကလေးက ဆိုဒ် အမျိုးမျိုး ရှိပြီး အမျိုးသမီးတစ်ဦးနဲ့ တစ်ဦး ခန္ဓာကိုယ် ဖွဲ့စည်းပုံ မတူသလို အသုံးပြုရတဲ့ ခွက်ဆိုဒ်ကလည်း မတူနိုင်ပါဘူး။ ရာသီခွက်က မိန်းမကိုယ်ဖွဲ့စည်းပုံအပေါ် မူတည်ပြီး အရွယ်အစား ကွာခြားနိုင်ပါတယ်။
တကယ်ကတော့ Menstrual cup ကြောင့် မိန်းမကိုယ် မကျယ်ပါဘူး။ မိန်းမကိုယ်ဆိုတာကို ရော်ဘာကွင်းလိုမျိုး ကျုံ့ဆန့်နိုင်တဲ့ ကြွက်သားမျိုးပါ။ ရာသီခွက်ကို မွေးလမ်းကြောင်းထဲကို ထည့်လိုက်တဲ့အခါ လိုသလို ကြွက်သားက ဆန့်သွားပြီး ပြီးရင်တော့ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတာပါ။
ကြွက်သားက ယာယီကျုံ့ဆန့်သွားတာသာ ဖြစ်ပြီး ရေရှည်မှာ မိန်းမကိုယ်ကြွက်သားကို ပုံမှန်အတိုင်း ဖြစ်သွားစေပါတယ်။ တစ်ခု ရှိတာကတော့ ရာသီခွက်ရွေးချယ်တဲ့အခါ ကိုယ်နဲ့ ဆိုဒ်ကိုက်ညီတာကို ရွေးချယ်ဖို့ လိုပါမယ်။
ရာသီခွက်ကြောင့် မိန်းမကိုယ် ကျယ်တယ်ဆိုတာက တကယ်ကတော့ ယုံတမ်းစကားသာ ဖြစ်ပါတယ်။ ရာသီခွက်ကြောင့်တော့ မိန်းမကိုယ် မကျယ်ပါဘူး။ မိန်းမကိုယ်ထဲကို ရာသီခွက်ကို ထည့်တဲ့အခါ ခေါက်ရိုးချိုးပြီး ထည့်ရတာ ဖြစ်တာကြောင့် မိန်းမကိုယ်ကျယ်နိုင်ခြေက မဖြစ်နိုင်တဲ့အရာသာ ဖြစ်ပါတယ်။
မိန်းမကိုယ်ကို ကျယ်စေတဲ့ အရာတွေကတော့ အသက်အရွယ်ရလာတာကြောင့် ဟော်မုန်းပြောင်းလဲတဲ့အခါ ကြွက်သားတွေရဲ့ တင်းအားလျော့တာမျိုး ဖြစ်နိုင်သလို ကိုယ်ဝန်ဆောင်ရတာကြောင့်သာ ဖြစ်ပြီး တမ်ပွန် သုံးတာ ရာသီခွက် သုံးတာတွေကြောင့် မိန်းမကိုယ် မကျယ်နိုင်ပါဘူး။
မွန်မွန်